2009년 4월 25일 토요일

ချစ်သူ့အတွက်


  • ချစ်သူ့နှုတ်ခမ်း လွမ်း၍နမ်းသော် နမ်းရာမထင် လွမ်းရာထင်သည် ချစ်သူ့ကိုယ်စား ဓါတ်ပုံများတည်း ....................... မောင်... ၂၅.၄.၀၉

ဆိုးလ်အမှတ်တရ..

မောင်သိတ်ချစ်သော ခင်......

တိုင်းတပါးဝယ်...

ညနေကျွန်တော်အလုပ်ပြီး ကွန်ပြူတာရှေ့ရောက် g talk ဖွင့်တော့ သူငယ်ချင်းတစ်ယောက် သူ့အမေဆုံးသွားကြောင်း လှမ်းပြောတယ်...ရင်ထဲမှာ တော်တော်လေးစိတ်မကောင်း ဖြစ်မိခဲ့တယ်...ရေမြေရပ်ခြားမှာ မိဝေးဖဝေး မိသားစုတွေနဲ့ ဝေးကွာပြီး ပင်ပင်ပန်းပန်း စိတ်ဆင်းရဲကြီးစွာ လုပ်ကိုင်နေကြရတဲ့ ကျွန်တော်တို့ အပါအ၀င် မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်းတို့မှာ ဒီလိုမျိုး မိဘများ နေထိုင်မကောင်းကြောင်း ဆုံးပါးသွားကြောင်း ကြားသိရသည့်အခါ ဘယ်လိုမှဖြေဆည်လို့ မရနိုင်အောင်ခံစားကြရပါတယ်...မိဘတွေရဲ့ နောက်ဆုံးအချိန်မှာတောင် ကျွန်တော်တို့ အနားမှာ မရှိနိုင်ကြဘူးလေ..သူတို့လည်း နောက်ဆုံးအချိန်မှာ သားသမီးတွေရဲ့မျက်နှာကို မြင်ချင်ကြမှာပါပဲ....နိုင်ငံရပ်ခြားမှာ အလုပ်လုပ်သူတွေအဖို့ ပိုက်ဆံရတာကလွဲ၍ အရာအားလုံးဆုံးရှုံးကြရသည်..မိမိကိုယ်မိမိ ယုံကြည်မူ့တွေ..စိတ်ကူးစိတ်သန်းနဲ့ ဦးနှောက်သုံးပြီး မလုပ်တတ်ကြတော့ဘူး..သူများစိတ်နဲ့ ကိုယ်ကို..စက်ရုပ်တစ်ရုပ်လို တစ်နေ့တစ်နေ့ ကျင်လည်နေကြရတယ်..ဘယ်မှာလျှင်သွားပြီး လောကစည်းစိမ်ဆိုတာ ရှိနိုင်ဦးမှာလဲ...ဒုက္ခဆင်းရဲတွေနဲ့ လဲပြီးမှ ရခဲ့တဲ့ ငွေကြေးတွေ ကျွန်တော်ကတော့ မမက်မောမတောင့်တပါဘူး...အခုဆိုရင်ကျွန်တော့် သူငယ်ချင်း သူ့အမေရဲ့ နောက်ဆုံးခရီးကိုတောင် မမြင်နိုင်တော့ဘူး...ဘယ်လိုမှ အစားထိုးမရတော့တဲ့ ဆုံးရှုံးမူ့ကြီးပါပဲ...ကျွန်တော်တို့တွေ ငွေနောက်လိုက်နေကြတာ တကယ့်အဖိုးတန်တဲ့ အရာတွေနဲ့ လဲနေကြရတာ တကယ်ရော တန်ရဲ့လား...လူအမျိုးမျိုး စိတ်အထွေအထွေ ဆိုသလို အမျိုးမျိုး သဘောထားကွဲလွဲနိုင်ကြပါတယ်..ကျွန်တော်ကတော့ နိုင်ငံရပ်ခြားမှာ အလုပ်လုပ်နေရတာ ဘယ်လိုမှ မပျော်ပိုက်ဘူးဗျာ...ဘယ်သူတွေကရော ပျော်ပိုက်လို့ ကိုယ့်မိသားစုနဲ့ ခွဲပြီးအဝေးမှာ လုပ်ချင်မှာလဲလို့ ပြောကြမှာပါ...ဒါပေမယ့် တချို့လူတွေကတော့ နှစ်ရှည်စီမံကိန်းတွေနဲ့ လုပ်နေကြပါတယ်..ကျွန်တော့အနေနဲ့ဆို ထိုက်သင့်တဲ့ အရင်းအနှီးရပြီဆို ကိုယ့်မိသားစုနဲ့ မခွဲမခွာနေရမယ့် စီးပွားရေးလုပ်ငန်းလေးတစ်ခု လုပ်သင့်ပါတယ်..ဒါမှလည်း ကိုယ့်ရဲ့ နောက်မျိုးဆက်အတွက်ရော ကိုယ့်ရဲ့ကျန်ရှိနေတဲ့ ဘ၀ အစိတ်အပိုင်းတစ်ခု အတွက်ပါ အဆင်ပြေနိုင်မှာပါ...ဘ၀မှာ စိတ်ချမ်းချမ်းသာသာနဲ့ အသင့်အတင့် နေထိုင်စားသောက်နိုင်ရင်ပဲ ကျေနပ်စရာကောင်းပါပြီ...အခုနိုင်ငံ ရပ်ခြားမှာ အလုပ်လုပ်နေသူအားလုံးဟာ အရွယ်ကောင်းတွေပါပဲ...ကိုယ်ရဲ့နုပျိုတဲ့အချိန်တွေ ဦးနှောက်ရဲ့ ဖွံ့ဖြိုးမူ့ကောင်းတဲ့ အရွယ်မှာ သူများရဲ့ ခိုင်းစေမူ့တွေနဲ့ အလုပ်လုပ်နေကြရသူတွေ အဖို့ မိမိကိုယ်တိုင်ဖောက်ထွက်ပြီး စီးပွားရေးလုပ်ဖို့ကို မစဉ်းစားရဲဘူး မလုပ်နိုင်ကြတော့ဘူး ..ဒီလိုနဲ့ပဲ သံသရာလည်ပြီး သူတပါးနိုင်ငံ သူတပါးရဲ့လက်အောက် သူတပါးခိုင်းစေမူ့နဲ့ပဲ အသက်ကြီးတဲ့အထိ လုပ်ကိုင်နေကြရတယ်...ပိုက်ဆံရတိုင်း အလုပ်လို့မသတ်မှတ်သင့်ပါဘူး...ကိုယ်ပိုင်အတွေးအခေါ် လွတ်လပ်စွာတင်ပြခွင့် စိတ်ကူးစိတ်သန်းတွေနဲ့ လုပ်ကိုင်မှ တကယ့်ကို ကျေနပ်စရာပါ...ပိုက်ဆံရပြီးရောဆိုပြီး သိမ်းကြုံးပြီးမလုပ်သင့်ပါ...အချိန်အတိုင်းအတာ တစ်ခုတော့ သတ်မှတ်ထားသင့်ပါတယ်...ငါဘယ်နှစ်နှစ်လုပ်မယ်...ပြီးရင်ငါ့ရဲ့ ကိုယ်ပိုင်လုပ်နိုင်မယ့် စီးပွားရေးလေးတစ်ခု ငါ့ဘ၀အတွက်ရော ငါ့ရဲ့ နောက်မျိုးဆက်အတွက်ရော ငါစပြီးတည်ထောင်မယ်ဆိုတဲ့စိတ်ကူးလေးထားစေချင်ပါတယ်...ကိုယ်လည်းအရွယ် ရောက် အားလုံးနဲ့ဝေးရာ နိုင်ငံခြားမှာ အလုပ်လာလုပ်ရ...ပြီးတော့ ကိုယ်ကဖြစ်လာမယ့် နောက်မျိုးဆက်တွေရော အချိန်တန်ရင် သူ့တပါးလက်အောက်မှာ အခိုင်းအစေခံပြီး လာလုပ်ရနဲ့ သံသရာက ဆုံးမှာမဟုတ်တော့ဘူး..ခပ်ရိုင်းရိုင်းပြောရရင် ကျွန်ဇာတ်ကပြတ်မှာ မဟုတ်တော့ဘူး..ရုပ်ချမ်းသာ တိုးတက်မူ့ထက် စိတ်ဓါတ်တွေမြင့်မားဖို့ ချမ်းသာဖို့ အတွေးအခေါ်ကောင်းတွေ ထွက်ဖို့ ဒါတွေပိုပြီး အာရုံစိုက်သင့်ပါတယ်...နိုင်ငံခြားမှာ အလုပ်လုပ်သူတွေဟာ စိတ်ကျရောဂါရတတ်ပါတယ်...ကိုယ့်နိုင်ငံမှာ လုပ်ရင် ၀င်ငွေနည်းတာတော့ အားလုံးသိကြပါတယ်...ဒါပေမယ့် သေသေချာချာ ဇောက်ချလုပ်ကိုင်နိုင်ရင်တော့ နိုင်ငံခြားမှာ အလုပ်လုပ်သလို အားသွန်ခွန်စိုက်လုပ်မယ်ဆိုရင် မပူမပင်နေနိုင်ပါတယ်....ပြည့်စုံချမ်းသာမူ့ဆိုတာ အဆုံးမရှိပါဘူး...ဘယ်တော့မှလည်း ပြီးပြည့်စုံသွားတယ်ဆိုတာမရှိပါဘူး...ရုပ်ပိုင်းဆိုင်ရာပြည့်စုံမူ့ထက် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးဖို့ အာရုံစိုက်ကြပါလို့ တိုက်တွန်းရင်း ဘ၀တစ်ပါးသို့ ပြောင်းသွားတဲ့ သူ့ငယ်ချင်းရဲ့ ချစ်စွာသော မိခင်ကြီးအား ကောင်းရာသုဂတိလားပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်....

2009년 4월 20일 월요일

မိုးစက်လေနှင်

ဒီနေ့ကောင်းကင်ကြီး တခုလုံးအုံ့ဆိုင်းနေသည်..မိုးများလည်းမစဲရွာနေသည်... ပင်လယ်ဆီမှ တိုက်ခတ်လာသော လေပြင်းများကြောင့် မိုးစက်များသည် မြေပြင်ထက်သို့ တည်တည်ငြိမ်ငြိမ် ကျဆင်းနိုင်ခြင်းမရှိ...ဘယ်ညာယိမ်းထိုး ဝေ့၀ဲ၍ ကျဆင်းနေရရှာသည်...မိုးသည် ပြင်းထန်စွာရွာသွန်းနေသည်ဟု မဆိုနိုင်...လေပြင်း၏ တွန်းအားကြောင့် အရှိန်အဟုန်ဖြင့် ရွာသွန်းနေသည်ဟု ထင်ရသည်...အဝေးကိုလှမ်းမျှော်ကြည့်မိတော့လည်း တိမ်ညိုတွေ အိကျနေတဲ့ မှိုင်းညှို့ညှို့ တောင်တန်းတသွယ်...သစ်ပင် သစ်ရွက် သစ်ခက်တွေလည်း လေအဝှေ့မှာ ဟန်မဆောင်နိုင်ပဲ တ၀ုန်းဝုန်းနဲ့ ယိမ်းနွဲ့နေရရှာပြန်တယ်...မိုးသည် လူတွေ၏စိတ်ကို လှုပ်ခတ်စေသည်...တိမ်ညိုတွေတက်လာတဲ့ မိုးကောင်းကင်ကို ကြည့်မြင်သူ၏ စိတ်သည် အနည်းငယ်လှုပ်ရှားလာစမြဲ ဖြစ်သည်...အလွမ်းအဆွေး ဓါတ်ခံမရှိသူတောင် အနည်းငယ် လွမ်းသယောင်ယောင် ဆွေးသယောင်ယောင် ခံစားရတတ်သည်...ချစ်သူနှင့် ခွဲခွါနေရသူအဖို့ကား ပြောစရာတောင်လိုမည်မထင်...မညိုခင်ကတည်းက ပြိုချင်နေသူမို့ ငိုချင်ရက် လက်တို့ ...ပတ်ဝန်းကျင်တစ်ခွင် ရှစ်ခွင်တိုင်းမှိုင်းတိုင်း မောင့်ရင်မှာခင့်ကို လွမ်းအားပိုစေပါတယ် ခင်...ပင်လယ်ပြင်မှာ လေပြင်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်တိုင်း ပင်လယ်ရေလှိုင်းတွေဟာ ကမ်းခြေကို တ၀ုန်းဝုန်းနဲ့ရိုက်ခတ်သလိုပဲ မောင့်ရင်မှာ ခင့်ကိုလွမ်းတဲ့ စိတ်တွေကို မစဲတဲ့မိုးတွေက အရှိန်အဟုန်ပြင်းအောင် နှိုးဆွနေတယ်ခင်....မိုးရာသီကို နှစ်သက်တဲ့ မောင်တို့နှစ်ဦး...ဟိုအရင်အချိန်က မိုးတွေရွာရင် နှစ်ဦးသားပျော်မြူးခဲ့ ကြဖူးတယ်...မိုးရွာထဲမှာ နှစ်ဦးသား လက်ချင်းတွဲပြီး လမ်းတွေလျှောက်ခဲ့ကြတယ်...မောင်ကရှေ့က စက်ဘီးနင်း ခင်ကထီးမိုးပေးပြီး မိုး၇ွာထဲမှာ စက်ဘီးစီးခဲ့ဖူးတယ်...မောင့်ကျောပြင်မှာ ခင့်ကိုယ်နွေးနွေးလေး ကပ်ရင်းပေါ့...ငယ်စဉ်က မိုးရွာထဲမှာ စိတ်ကူးယဉ်ခဲ့ရတဲ့ မောင့်ရဲ့အိမ်မက်တွေ ခင်နဲ့တွေ့မှ အသက်ဝင်ခဲ့တယ်...မိုးနဲ့ပတ်သတ်ပြီး ပြန်တွေးရင် ခင်နဲ့မောင့်ရဲ့ အဖြစ်အပျက်တွေဟာ အများကြီးပါပဲခင်...မိုးတွေသည်းထန်စွာ ရွာနေတဲ့ ဆူးလေဘုရားလမ်း ခင်တို့ရုံးရှေ့ ထီးတလက်နဲ့ တကိုယ်လုံးရွှဲစို ခိုက်ခိုက်တုန်နေပေမယ့် ခင်ရုံးဆင်းအလာကို ရင်ခုန်စွာနဲ့ စောင့်စားနေခဲ့ဖူးတယ်...တုန်နေအောင် ချမ်းစိုနေတဲ့ မောင့်ကို အနွေးဓါတ်ရအောင် ခင်ရဲ့ ရင်ခွင်လေးထဲထည့်ပြီးထွေးပိုက် ထားခဲ့သေးတယ်...ယုယတတ်တဲ့ ချစ်သူ...မောင့်ဘ၀ကို နွေးထွေးအောင် အကြင်နာအနွေးဓါတ်တွေ ပေးခဲ့သောချစ်သူ... အချိန်တိုင်းလွမ်းပါသည်...အချိန်တိုင်းတမ်းတမိသည်...အရင်က မိုးတွေဘယ်လောက်စိုစို မောင့်ကိုယ်မှာခြောက်သွေ့ခဲ့သည်...အခုတော့ချစ်သူ... မိုးရေစက်တွေကို ကာပေးမယ့် အကြင်နာ ထီးဆောင်းရှင် အဝေးမှာလေ..တမ်းတလို့ လွမ်းဆွေးရသည်ပေါ့...ဒီ့အပြင်ဘာများတတ်နိုင်ဦးမှာတုန်း...အပြင်မှာ မိုးတွေရွာကောင်းတုန်းပဲ ခင်...အချိန်တန်ရင်တော့ မိုးကြောင့် အေးခဲနေတဲ့ မောင့်နှလုံးသားတွေ အနွေးဓါတ်ရစေဖို့ ခင့်ရဲ့ရင်ခွင်ဆီ အပြေးပြန်ခဲ့ ပါဦးမည်....ဆီးကြိုတော့ ချစ်သူ...နောက်နှစ်မိုးတွေ ရွာရင်မောင်ပြန်လာခဲ့မယ်ခင်................

2009년 4월 16일 목요일

ကျွန်တော်နှင့်စာဖတ်ဝါသနာ

ငယ်စဉ်မှစ၍ စာဖတ်ဝါသနာပါခဲ့သည်။အိမ်တွင် နေ့စဉ်ယူသော သတင်းစာ လစဉ်ယူသော မိုးသောက်ပန်း တေဇ ရတနာမွန်မဂ္ဂဇင်း သင့်ဘ၀မဂ္ဂဇင်း မင်္ဂလာမောင်မယ်စသည်တို့နှင့် အားမရနိုင်သေး မုန့်ဖိုးစု၍ အပတ်စဉ် ရွှေသွေးဂျာနယ်ကိုလည်း မလွှတ်တမ်း ၀ယ်ဖတ်ခဲ့သည်။မှတ်မိနေသည်မှာ ရွှေသွေးဂျာနယ်တွင် တောင်သူလယ်သမားဦးကြီးများ ဟူသောအခန်းဆက်ဖော်ပြသော စာစောင်တွင် ရုပ်ပုံများအား ကြီးမားစွာဆွဲထားခြင်းကြောင့် အကြောင်းအရာအားဖြင့် ဘာမှသိတ်မပါ။အစ်မက ဆူသည်...နင်မတန်တာကို ဘာဖြစ်လို့ ၀ယ်ဖတ်တာလဲ...သို့သော် ၀ယ်ဖတ်မြဲဖြစ်သည်..ငယ်စဉ်က စူပါ ဒီလုံး ကာတွန်းများကား အသည်းစွဲဖြစ်သည်...နောက်နည်းနည်းကြီးလာတော့ မြိုင်ရာဇာတွတ်ပီကို စွဲလန်းခဲ့သည်...ကျောင်းကပြန်ရောက်ပြီဆို လွယ်အိတ်ချ ကာတွန်းဆိုင်ပြေး ...ဆိုင်ကလည်းလမ်းထိပ်တင်ဆိုတော့အဆင်ပြေသည်...တခါတလေ ဆိုင်မှာတအုပ်ဖတ် အိမ်ပြန်တော့ တအုပ်ငှားလာ ဟန်ကိုကျနေတာပဲ...သတင်းစာဆိုရင်လည်း တနေ့ကို သုံးကျော့လောက်ပြန်ဖတ်လို့ တခါတခါအစ်မရဲ့ ဆူပူကြိမ်းမောင်းမူ့ကို ခံရသေးတယ်...သတင်းစာ မာတိကာကအစ နာရေးအဆုံးအကုန်ဖတ်ဖြစ်သည်...ဖတ်လွန်းအားကြီး၍ ၀န်ကြီးဌာနအမည် ၀န်ကြီးချုပ် ဒုဝန်ကြီးချုပ်အဆုံးအားလုံး မှတ်မိနေသည်...ဒါသည်ပင် ဗဟုသုတတစ်ခု...အစ်မများ ဆရာမလုပ်ရန် ၀င်ခွင့်ဖြေဆိုခါနီး ကျွန်တော်အားအကူအညီတောင်းသည်...၀န်ကြီးဌာနများနှင့် ၀န်ကြီးများနာမည်စာရင်း ရေးပေးရန်...ကျွန်တော်က အလွတ်နီးပါးရနေတော့ သူတို့အဆင်ပြေပြေ ဖြေဆိုနိုင်ခဲ့သည်...နောက်တော့ သတင်းစာဖတ်လည်း ပွစိပွစိမလုပ်တော့ ...ဘယ်စာမဆို ဖတ်သင့်ပါသည်...မဖတ်ကောင်းသော စာဟူ၍မရှိတဲ့..ဘယ်လောက်ညံ့ဖျင်းတဲ့စာပဲ ဖြစ်ဖြစ် အနည်းဆုံး တစ်ခုလောက်တော့ စာထဲကရနိုင်ပါသည်...အမေ့အဖေ ကျွန်တော့်အဖိုးပေါ့ အိမ်လာလည်ရင်.. မြေးရေ..စာဖတ်ပြပါဦးဟူ၍ အမြဲခိုင်းသည်...ကျွန်တော်ကလည်း မငြီးမငြူ ဖတ်ပြသည်...ငယ်ငယ်နှင့်စာသွား၍ ချီးမွမ်းခံရသည်...ဒီလိုနဲ့ ငယ်စဉ်ဘ၀ ကိုကာတွန်းဂျာနယ်တွေနှင့် ဖြတ်သန်းခဲ့သည့် ကျွန်တော်...ဆယ်တန်းစာမေးပွဲတွေဖြေပြီး အိမ်မှာအိပ်လိုက်စားလိုက်နဲ့ နေနေတဲ့ အချိန်ပေါ့ ...တနေ့မှာ အဖေမြို့ထဲက ပြန်လာပြီး ကျွန်တော်အတွက်စာအုပ်တအုပ်ဝယ်လာတယ်...စာအုပ်နာမည်က အာဇာနည်စိတ်နှင့်အညွှန့်တလူလူ...ဆိုတဲ့စာအုပ်..ရေးသူက ဆရာတက်တိုး...အဖေက ကျွန်တော်ကိုပြောတယ် သားအတွက် ဘ၀လက်ဆောင်တဲ့...ကျွန်တော်အဲဒီစာအုပ်ကို ဖတ်ပြီးကတည်းက အတွေးအခေါ်နဲ့ပတ်သတ်တဲ့ စာပေတွေ နှစ်သက်လာတယ်...မြတ်နိုးလာတယ်..နောက်ပိုင်း ဆရာဖေမြင့်ရဲ့ စာအုပ်တွေ တော်တော်များများ ရှာဖွေပြီးဖတ်ဖြစ်ခဲ့တယ်...အဖေကကျွန်တော်ကို လမ်းပြခဲ့တာလေ...ဘယ်လိုစာအုပ်တွေဖတ်သင့်တယ်ဆိုတာ..လူတိုင်းတော့ ဖတ်တဲ့စာအုပ် အကြောင်းအရာ မတူနိုင်ပါဘူး..ခံစားမူ့ရသကြိုက်တဲ့ လူက၀တ္တု ကဗျာ..စသည်အားဖြင့်ပေါ့..အတွေးအခေါ်စာပေ ဒဿနစာပေကြိုက်တဲ့လူက အတွေးအခေါ်နဲ့ပတ်သတ်တဲ့စာပေ...စပြီးစာဖတ်စဉ်မှာတော့ မိမိဘယ်လိုအမျိုးအစား စာပေကို ကြိုက်နှစ်သက်တယ်ဆိုတာမသိနိုင်ပါဘူး...အစုံလိုက်ဖတ်ရင်းမှ ကြာလာတာအခါ မိမိရဲ့စိတ်အခြေခံပေါ်မူတည်ပြီး ခံစားရတဲ့ ထိမိတဲ့ စာပေဆိုတာဘာလဲဆိုတာ မိမိကိုယ်တိုင် ရွေးချယ်တတ်လာတယ်..ဒါကြောင့် စာဆိုရင်အကုန်ဖတ်ဖို့လိုတာ...အဲဒါမှ ဘယ်စာပေဟာ မိမိနဲ့ကိုက်ညီတယ်ဆိုတာသိလာမှာဖြစ်ပါသည်...စာပေဖတ်၍ အသိပညာ အမြော်အမြင်များ တိုးပွားကြပါစေ.....

2009년 4월 15일 수요일

စတင်ခြင်း...

မင်္ဂလာပါ..စတင်လို့ နှုတ်ခွန်းဆက်သပါ၏။ကျွန်တော် ဒီနေ့စမ်းတ၀ါးဝါးနဲ့ ဘလော့ဂ်တစ်ခု မွေးဖွားခဲ့ပါသည်။ဘာကိစ္စမဆို အစမှာအခက်ခဲ အနည်းငယ်တော့ ရှိကြစမြဲပါပဲ...ဘလော့ဂ်တွေ လျှောက်ဖတ်ရင်း ကိုယ်ကိုတိုင် ဘလော့ဂ်တစ်ခု ရေးချင်စိတ် မွေးဖွားချင်စိတ် ဖြစ်လာတာနဲ့ စတင်မိခဲ့တာပါ...ဒီနေ့တော့ တည်ဆောက်ရတာနဲ့ ခေါင်းနည်းနည်း ပူသွားလို့ နှုတ်ခွန်းဆက်သရုံ ဖြစ်ပါသည်...နောက်ရက်များတွင် စာလာဖတ်သူ ရောင်းရင်းများ တစ်ခုခုရစေရန် ပေးဆပ်သွားပါမည်...၀ါသနာရှင် အဆင့်သာ ဖြစ်ပါသည်...ရောက်လာသူ အပေါင်းတို့ လမ်းပြညွှန်ပြကြကုန်..အားလုံးစိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ.....